
Hush
မင်္ဂလာပါ ပရိသတ်ကြီးရေ ဒီတစ်ခေါက် မိတ်ဆက်ပေးချင်တဲ့ ကိုးရီးယားဇာတ်လမ်းတွဲလေးကတော့ “Hush” ဆိုတဲ့ ဇာတ်လမ်းတွဲလေးဖြစ်ပြီး သတင်းထောက်တွေရဲ့ဘဝနဲ့ အလုပ်အကိုင်အခြေအနေတွေကို ပေါ်လွင်အောင် သရုပ်ဖော်ထားတဲ့ဇာတ်လမ်းတွဲလေးပဲ ဖြစ်ပါတယ်။
သတင်းထောက်တွေရဲ့ ဘဝမှာ ရုန်းကန်လှုပ်ရှားရတဲ့အခြေအနေတွေ ပြဿနာတွေနဲ့ ကျင့်ဝတ်အရ ဘေးကျပ်နံကျပ် ဖြစ်ရတဲ့အခြေအနေတွေကို ထင်ထင်ရှားရှားတွေ့ရမှာပါ။ ဒီဇာတ်လမ်းလေးကတော့ Jung Jin-Young ရေးသားထားတဲ့ “Chimmookjoouibo” ဆိုတဲ့ဝတ္ထုကို အခြေခံထားတာဖြစ်ပြီးတော့ Hwan Jung Min နဲ့ Girls’ Generation မှ ပရိသတ်အချစ်တော် Im Yoon-ah တို့က အဓိကပါဝင်သရုပ်ဆောင် သွားမှာဖြစ်ပါတယ်။
ဇာတ်လမ်းလေးကို အကျဉ်းချုံးမိတ်ဆက်ရရင်တော့ Han Jun Hyeok ( Hwan Jung Min) ဟာ စစ်မှုထမ်းဟောင်းသတင်းထောက်ဖြစ်ပြီး တရားမျှတမှုကို ရှာဖွေဖို့ သတင်းထောက်တစ်ယောက်ဖြစ်လာခဲ့သူပါ။ ဒါပေမယ့် နောက်ပိုင်းမှာတော့ သူဟာ စိတ်ကူးယဉ်ဝါဒနဲ့ လက်တွေ့ဝါဒကြားမှာ ထွေပြားလာခဲ့ပါတယ်။ ဒါ့အပြင် ခင်ပွန်းတစ်ယောက်၊ ဖခင်တစ်ယောက်အနေနဲ့ လူမှုရေးပြဿနာတွေကိုပါ ကြုံတွေ့ရတဲ့အကြောင်းတွေကို လက်တွေ့ဆန်ဆန် ရိုက်ကူးပုံဖော်ထားတာကို တွေ့ရမှာ ဖြစ်ပါတယ်။
Lee Ji Soo (Im Yoon-ah) ကတော့ အလုပ်သင်သတင်းထောက်တစ်ဦးဖြစ်ပြီး အလုပ်အင်တာဗျူးလုပ်နေချိန်မှာတောင် ပြောစရာရှိတာကို ရဲရဲဝံ့ဝံ့ပြောဆိုရဲတဲ့ ထက်မြက်တဲ့အမျိုးသမီးတစ်ဦးအနေနဲ့ တွေ့ရမှာဖြစ်ပါတယ်။ Han Jun Hyeok ကို သူမရဲ့ ဆရာတစ်ဦးအနေနဲ့ တွေ့လိုက်ရတဲ့အချိန်မှာတော့ စစ်မှန်တဲ့ သတင်းထောက်တစ်ယောက်၊ journalist တစ်ယောက် ဖြစ်လာဖို့က သူမရဲ့ အိပ်မက်ဖြစ်လာပါတော့တယ်။
ဒီဇာတ်လမ်းတွဲလေးကိုတော့ JTBC က အပိုင်း ၁၆ ပိုင်းနဲ့ အပတ်စဉ် သောကြာနဲ့ စနေနေ့တိုင်းမှာ ထုတ်လွှင့်သွားမှာဖြစ်ပါတယ်။ Gold Channel မှလည်း ဘာသာပြန်တင်ဆက်ပေးသွားမှာ ဖြစ်တဲ့အတွက် စောင့်မျှော်ကြည့်ရှုအားပေးကြဖို့ တိုက်တွန်းပါရစေ။
Translated by Hnin Aye Nyein,Phyoe and Youn Kyi Phyu